မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းကို နေပြည် တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောရွာတွင် ဆောင်ရွက်ခြင်း။

၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်
          မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့်အသင်းမှ တာဝန်ရှိသူများ၊ ပျဉ်းမနား ကုတင် (၂၀၀) ပြည်သူ့ ဆေးရုံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှ လက်ထောက် ဆရာဝန်များ၊ IPPF စီမံချက်ဌာန၊ ဒုတိယစီမံကိန်းအရာရှိ ဒေါ်နန်းအင်ကြင်းဦးတို့ လိုက်ပါလျက် ၂၀၁၈ခုနှစ်၊ စက်တင် ဘာလ(၃၀)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ခဲ့ပါ သည်။
          ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးက ဆီးချိုရောဂါအကြောင်းကို လည်း ကောင်း၊ မေတ္တာစမ်းရေဆေးခန်း လက်ထောက်ဆရာဝန် ဒေါက်တာခင်ဝါဝါလှိုင်က ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းအကြောင်းကိုလည်းကောင်း၊အသက် (၂၄) နှစ်အောက် လူငယ် များအား “သက်ငယ်မုဒိမ်းမှုကာကွယ်ရေးဆိုင်ရာနှင့် လူကုန်ကူးခြင်းဆိုင်ရာ သိကောင်း စရာများ အကြောင်းကို” ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူး ဒေါ်သူဇာလွင် ကလည်းကောင်း၊ IPPF စီမံချက်ဌာန၊ ဒုတိယစီမံကိန်းအရာရှိ ဒေါ်နန်းအင်ကြင်းဦးက ပျိုရွယ်သူမျိုးဆက်ပွားကျန်းမာရေး အသိပညာပေးခြင်းအကြောင်းကို လည်းကောင်း၊ အသီးသီး အသိပညာပေးဟောပြောခဲ့ကြပါသည်။
          ဆက်လက်၍ အဘိုးအဘွား(၅၀)ဦးကို အားဆေးနှင့်အာဟာရဖြစ်စေမည့် အစား အစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်(၂၁)ဦးကို ကလေးအင်္ကျီ၊ အနှီးပိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာများ၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများကို လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေ မဂ္ဂဇင်းများကိုလည်းကောင်း လှူဒါန်းခဲ့ ပါသည်။
          အဆိုပါ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းသို့ သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ်များနှင့်လာရောက်ပြသသော လူနာများ အပါ အဝင် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေး ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၂၁)ဦး၊ သက်ကြီးဘိုးဘွား (၅၀)ဦး၊ မျက်စိလူနာ (၇၀)ဦး၊ သွားနှင့်ခံတွင်းလူနာ(၇၈)ဦးနှင့် အထွေထွေလူနာ (၁၉၀)ဦး စုစုပေါင်း (၄၀၉)ဦးတို့ကို ကြည့်ရှုစစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ် သော လူနာ(၆)ဦးအား နီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်။