မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၀ခုနှစ်မှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အို များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေးစောင့်ရှောက်မှုပေး ခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါ သည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  နာယက၊ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င်များ၊နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးအဖွဲ့၊ ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊  နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ဇမ္ဗူသီရိ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ဇမ္ဗူသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်လက်ထောက် ဆရာဝန်များ၊ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်း မှတာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန်များလိုက်ပါလျက်၂၀၁၅ခုနှစ်၊အောက်တိုဘာလ(၃၁)ရက်နေ့တွင်  နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊သဲကြီးကုန်းကျေးရွာအုပ်စု၊ရှားတောကျေးရွာတွင် ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်သဇင်နွယ်မှ အမှာစကားပြောကြာပြီး ဒေါက်တာခိုင်နွယ်ဟန်မှ‘ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့်ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်း’ကိုအသိပေးပြောကြားခဲ့ပါသည်။ထို့နောက် အဘိုးအဘွား များကို အားဆေးနှင့်အာဟာရများ ကို လည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊ အိုင်အို ဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း ၊ကျေးရွာစာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်း ကောင်းလှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင် နှင့်အဖွဲ့မှ “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ကျွမ်းကျင်သူများဖြင့်မွေးဖွားရန်” အကြောင်းကိုလည်းကောင်းရှင်းလင်း၍  ကျန်းမာရေးအသိပညာ ပေးဟောပြောခဲ့ပြီး၊ အသင်းဥက္ကဌနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျန်းမာပညာဌာန)မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကျေးရွာအတွင်းရှိလူငယ်များကို ပျိုရွယ်သူကျန်းမာရေးအသိ ပညာပေးဆွေးနွေးခြင်းများနှင့် လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ ကိုလည်းဟောပြောခဲ့ပါသည်။ ကိုယ်ဝန်ဆောင်(၁၇)ဦး၊သက်ကြီးဘိုးဘွား(၇၈)ဦး၊မျက်စိလူနာ(၅၄)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၇)ဦးနှင့် အထွေထွေလူနာ(၁၀၃)ဦးကိုကြည့်ရှု့စစ်ဆေးကုသ ပေးခဲ့ပြီးညွှန်းပို့ရန် လိုအပ်သော လူနာများကိုနီးစပ်ရာ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။