မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌဒေါ်သဇင်နွယ်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ကွင်းဆင်းလေ့လာခြင်း

 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌဒေါ်သဇင်နွယ်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်ဘက်စုံမူလတန်းကြိုကျောင်းသို့ (၂--၉-၂၀၁၅)ရက်နေ့ နေ့လည်(၂:၀၀)နာရီအချိန်တွင်ရောက်ရှိပြီး ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လှူဒါန်း ခဲ့သောငွေကျပ်သိန်း(၁၀၀)ဖြင့် ကျောင်းဆောင်သစ်တိုးချဲ့ဆောက်လုပ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုပြီး၊ ကလေးငယ်များ၏ ဉာဏစွမ်းရည်ကို ကြည့်ရှုအားပေးပြီးနောက် ကျောင်းအတွက် Flat TV တစ်လုံးဝယ်ယူရန် ငွေကျပ်(၂)သိန်း (၅)သောင်း ထောက်ပံ့ပေးခဲ့ပါသည်။
ဆက်လက်၍ မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်ကြီးကြပ်အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ (၁၀) မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ်တီဘီဆရာဝန်ကြီး တို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဥက္ကဌမှ မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုအခြေပြုတီဘီရောဂါဝေဒနာရှင်များအား ရှာဖွေဖော်ထုတ်၍ ဆေးကုသပေးခြင်းလုပ်ငန်း၊ စီမံချက်အတွက် ပေးပို့ရမည့်အစီအရင်ခံစာများနှင့်ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက်လာသူများမှ သိလိုသည်များကို တင်ပြခဲ့ကြရာ အသင်းဥက္ကဌမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ 
ဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် (၃-၉-၂၀၁၅)နေ့ နံနက် (၉:၀၀)နာရီတွင် ကရင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော “ မေတ္တာစိမ့်စမ်း မူကြိုကျောင်း” ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပြီး  ဥက္ကဌ မှ မူကြိုကျောင်း ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြည်သူလူထုလူအခြေပြုတီဘီဝေဒနာရှင်များအားစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး  ဘားအံပြည်သူ့ဆေးရုံကြီး၌ တက်ရောက်မွေးဖွားသော သုံးမွှာပူးကလေးများအတွက် ထောက်ပံ့ငွေကျပ် (၂)သိန်းကို ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ထံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။