မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏၂၀၁၅ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ “International Youth Day ”နှင့်ကျန်းမာဖွံ့ဖြိုးမှုဆိုင်ရာလူငယ့်ရိပ်မြုံ “ Youth Information Corner”ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်(၁၂-၈-၂၀၁၅)ရက်နေ့တွင်ကျရောက်သောနိုင်ငံတကာလူငယ်များနေ့ကိုဂုဏ်ပြုသောအားဖြင့်အသင်းရုံးဝန်းအတွင်းရှိ ကျန်းမာဖွံ့ဖြိုးမှုဆိုင်ရာလူငယ့်ရိပ်မြုံ "Youth Information  Corner”ကို အသင်းနာယကများ၊ ဥက္ကဌနှင့်လူငယ်များပါဝင်ပြီး နံနက်(၈:၃၀)နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ကျန်းမာဖွံ့ဖြိုးမှုဆိုင်ရာလူငယ့်ရိပ်မြုံဖွင့်လှစ်ရခြင်းအကြောင်းကို ဥက္ကဌမှရှင်းလင်းပြောကြားခဲ့ပြီး   ရိပ်မြုံအတွင်းလှည့်လည်ကြည့်ရှုကြပါသည်။ ဆက်လက်၍အသင်းရုံးအစည်းအဝေးခန်းမတွင်  နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို  ကျင်းပခဲ့ရာ လူငယ်များပါဝင်၍ အသိပညာပေးဇာတ်လမ်း၊ တေးသီချင်း၊ အကများဖြင့် တင်ဆက်ကပြခဲ့ကြပါသည်။ 
ယနေ့ကျင်းပသော နိုင်ငံတကာလူငယ်များနေ့ သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း နာယကများ၊ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဒုတိယဥက္ကဌများ ၊မြန်မာ နိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအဖွဲ့မှကော်မတီဝင်များ၊နေပြည်တော်ကောင်စီ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူငယ်ကိုယ်စားလှယ်များ၊မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှလူငယ်များ၊  နေပြည်တော် ကောင်စီနယ်မြေ အခြေခံပညာအထက်တန်းကျောင်းများမှ ကင်းထောက်လူငယ်၊ ကြက်ခြေနီ နှင့် လူရည်ချွန်ကျောင်းသား/ကျောင်းသူများ နှင့်  ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။