မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်း

    
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ (၂ဝ၁၅-၂ဝ၁၆)ပညာသင်နှစ်တွင် သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းသား/ကျောင်းသူများအတွက်  ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေး ကိရိယာများ  ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ၂ဝ၁၅ခုနှစ်၊ ဇူလိုင်လ(၂)ရက် နံနက်(၁ဝ)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သဇင်နွယ်က မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လူတိုင်းအတွက်ပညာရေး (Education for All)အစီအစဉ်တွင် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး၊ စာရိတ္တမြင့်မာရေး၊ ပညာရည်တိုးတက်မှုကဏ္ဍ အသီးသီးတွင် လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ၊ အခြေခံကျောင်းများအပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုပါ လှူဒါန်းထောက်ပံ့ရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင်ရှော့က်ရေးအသင်း၏ လှူဒါန်းဆောင်ရွက်နေမှုများသည် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခမဲ့မူလတန်းပညာရေး၊ အလယ်တန်းပညာရေးများပြီးမြောက်စေနိုင်သည်သာမက နေပြည်တော်ကောင်စီနယ်မြေအတွက် စံပြကျောင်းများပေါ်ထွန်းလာစေရေး ရည်မှန်းချက်များကိုပါပြီးမြောက်နိုင်စေမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကလေးများ၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် မိမိတို့အသင်းဝင်များအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက ထောက်ပံ့လှူဒါန်းခြင်းအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး နာယကများ၊ဥက္ကဋ္ဌနှင့်ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များမှ ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအသီးသီးတို့မှ တာဝန်ရှိသူများ က လက်ခံရယူကြပါသည်။
အသင်းမှ ယနေ့ထောက်ပံ့လှူဒါန်းသည့်ကျောင်းများမှာ နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာ ကျောင်း(၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း(၁)ကျောင်းတို့မှကျောင်းသား/သူ(၂၈၂၅)ဦး နှင့်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်ထမ်းမိသားစုများ၏ကလေး(၁၃)ဦးအပါအဝင်(၂၈၃၈)ဦးတို့အား ပေးအပ်လှူဒါန်းရာစုစုပေါင်းငွေကျပ်တန်ဖိုးအနေဖြင့်(တစ်ရာတစ်သိန်း)ကျော်တန်ဖိုးရှိ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။