UNICEF

ကျန်းမာရေးဦးစီးဌာန၊UNICEF နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီမံချက်များ

 
  1. PMCT project (မိခင်မှကလေးသို့HIV ပိုးကူးစက်ခြင်းမှ ကာကွယ်တားဆီးခြင်း ဆိုင်ရာစီမံချက်)
  2. Seven Things This Year Initiative Project (ဒီနှစ်အတွက်(၇)ချက်စီမံချက်)

PMCT စီမံချက်လုပ်ငန်းများ

 

Community based PMCT Activities အဖြစ် UNICEF ၏စီမံချက်အသုံးစရိတ်ဖြင့် စီမံချက်ဝင်မြို့နယ်(၁၁)ခုတွင် အကောင်အထည်ဖော်ခဲ့ပါသည်။


7 Things This Year Initiative Project ဒီနှစ်အတွက်(၇)ချက်စီမံချက်

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးနှင့်ကလေး ကျန်းမာဖွံ့ဖြိုးရေးဌာနစိတ်(WCHD)နှင့်ပူးပေါင်း၍ UNICEF  ၏အသုံးစရိတ်နှင့် နည်းပညာပံ့ပိုးမှုဖြင့် ဒီနှစ်အတွက်(၇)ချက်စီမံချက်ကို ၂ဝ၁၂ခုနှစ်၊ မေလမှစတင်အကောင်အထည်ဖော်ခဲ့ပါသည်။

စီမံချက်၏ရည်ရွယ်ချက်မှာ မိသားစုများ၏ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန်အတွက် မိခင်များနှင့်ကလေးပြုစုစောင့်ရှောက်သူများ(Service Providers)၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးရန်ဖြစ်ပါသည်။

မိသားစုများသည် ကျန်းမာရေးနှင့်ပြည့်စုံစေရန်အတွက် လိုက်နာကျင့်သုံးရမည့် အောက်ဖေါ်ပြပါအချက်(၇)ချက်(Seven Key Family Practices)ကို အလေ့အထဖြစ်သွားသည်အထိ လေ့ကျင့်ပေးရမည်ဖြစ်ပါသည်-

  • (၁) ကလေးငယ်အား မွေးစမှ(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန်။

  • (၂) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝအောင်စားရန်။

  • (၃) ကလေးငယ်တိုင်းအား ကာကွယ်ဆေးအားလုံးကို သတ်မှတ်ချိန်အတိုင်း အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးရန်။

  • (၄) မိသားစုဝင်တိုင်းဆေးစိမ်ခြင်ထောင်ဖြင့်အိပ်ရန်။

  • (၅) အိမ်သာတက်ပြီးတိုင်း၊ အစားအစာပြင်ဆင် မချက်ပြုတ်မီတိုင်း၊ အစာမစားမီနှင့်စားပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်။

  • (၆) နေမကောင်းသောကလေးအား အရည်များများတိုက်ပြီး အစာဆက်လက်ကျွေးရန်။

  • (၇) နေမကောင်းသောကလေးတွင်အန္တရာယ်လက္ခဏာများကိုစောင့်ကြည့်၍ တွေ့ရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့် ပြသရန်။​

 

    စီမံချက်အရ မြို့နယ်တစ်မြို့နယ်လျှင် မြို့ပေါ်ရပ်ကွက်(၁)ခုနှင့် ကျေးရွာ(၅ဝ)တွင်အကောင်အထည်ဖော်ရပါသည်။ ရပ်ကွက်/ကျေးရွာတစ်နေရာလျှင် ငါးနှစ်အောက်ကလေးရှိ အသင်းဝင်တစ်ဦးကျစီခေါ်ယူသင်တန်းပေးပြီး ၄င်းတို့မှတဆင့် ငါးနှစ်အောက်ကလေးရှိ ဒေသခံမိခင်(၆)ဦးစီကို ဆင့်ပွားသင်တန်းပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာတစ်နေရာလျှင် အဖွဲ့ဝင်(၇)ဦးပါဝင်သောအမာခံအဖွဲ့များပေါ်ပေါက်လာပါမည်။ အမာခံအဖွဲ့ဝင်တစ်ဦးစီသည် မိမိ မိသားစုအပါအဝင် အခြားငါးနှစ်အောက်ကလေးရှိ အိမ်ထောင်စုဝင်(၆)ဦးကို စည်းရုံးလေ့ကျင့်ပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာ တစ်နေရာလျှင် (အမာခံ ၇ ဦး x အိမ်ထောင်စု ၇ စု= ၄၉ အိမ်ထောင်စု)သည် စီမံချက်ပါအမူအကျင့်များကိုလိုက်နာ ကျင့်သုံးကြမည် ဖြစ်ပါသည်။ ရပ်ကွက်/ကျေးရွာတစ်နေရာလျှင် (၄၉)အိမ်ထောင်စုနှုန်းဖြင့် မြို့နယ်တစ်ခုတွင် လိုက်နာကျင့်သုံးသည့် အိမ်ထောင်စု အနည်းဆုံး (၂၄၉၉)စုရှိမည်ဖြစ်ပါသည်။

 

 

စီမံချက်ကို ၂ဝ၁၂ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ၂ဝ၁၃ ခုနှစ်တွင် ဘားအံမြို့နယ်၊ သထုံမြို့နယ်နှင့် ထားဝယ်မြို့နယ်များအပြင် ကျောက်ပန်းတောင်းနှင့် မြင်းခြံမြို့နယ်များတွင်(၁၂)ရွာစီတိုးချဲ့ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် လှိုင်းဘွဲ့မြို့နယ်၊ ပေါင်မြို့နယ်၊ လားရှိုးမြို့နယ်၊ သာပေါင်းမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် မင်းတပ်မြို့နယ်များတွင် ဆက်လက်အကောင်အထည်ဖော် ခဲ့သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ထောင်စုပေါင်း(၃၁၁၆၄)စုကို စည်းရုံးလေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

 

 

ဤစီမံချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်း သိရှိထိုက်သော ကျန်းမာရေး သတင်းစကားများကို စေတနာ့ဝန်ထမ်းအသင်းဝင်များမှအစပြု၍ ရပ်ရွာတွင်းရှိ မိခင် တစ်ဦးတစ်ယောက်ချင်းဆီသို့ တဆင့်စကားတဆင့်နားဖြင့် အချိန်တိုအတွင်း ရောက်ရှိပျံ့နှံ့သွားနိုင်ခြင်း၊ ထိုသတင်းစကားများအတိုင်းလိုက်နာကျင့်သုံးနိုင်ရန် တရပ်တည်းနေမိခင်အချင်းချင်းဖေးမကူညီပေးနိုင်ခြင်း၊ သတင်းစကားများရပ်ရွာနေလူထုအတွင်း ပျံ့နှံ့လျှင်ပျံ့နှံ့သလောက် ထိုရပ်ရွာ၏ ကျန်းမာရေး အဆင့်အတန်းတိုးတက်မြင့်မားသွားနိုင်စေခြင်းတို့ကြောင့် ငွေကြေးကုန်ကျမှုပမာဏနည်းနည်းဖြင့် အကျိုးသက်ရောက်မှုများစွာပေးနိုင်သော စီမံချက်တစ်ခုဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။