ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်။


 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ (၁၁) ရက် နံနက် (၉း၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင် နှင့် ကလေး စောင့်ရှောက်ရေး အသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်ဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရီရီမြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နာယက၊ ဥက္ကဌ နှင့် ဒု ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒု ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်းမှ  ဒု ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဌများ၊ နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ် (၈) ခုမှ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ အသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ငါးနှစ်အောက်ကလေးမိခင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားပထမပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရီရီမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ မိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အခမ်းအနား သို့တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင် မိခင်များကို အိုင်အိုဒင်းဆား၊ တစ်ခါသုံးမွေးအိတ်၊ ဆားဆေး၊ အနှီးပိတ်များနှင့် အားဖြည့်ဆန်များကို ထောက်ပံ့ပေးအပ်ပြီး အာဟာရလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုလေ့လာကြပါသည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာနုနုသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကလေးကျန်းမာရေးဖွံ့ဖြိုးရေးဌာနခွဲ မှ ညွန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းက “ ပြည်သားကောင်းများပေါ်ထွန်းဖို့ မိခင်နို့ချို တိုက်ကျွေးစို့” အကြောင်း ခေါင်းစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမေခင်သန်းက “ ချင့်ချိန်စားပေး ကင်ဆာဝေး “ အကြောင်းခေါင်းစဉ် နှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် PATH အဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုခံယူနေသော ကိုယ်ဝန်ဆောင်များအတွက် အားဖြည့်ဆန် ပြည် (၈၀၀) ကို လှူဒါန်းရာ ဥက္ကဌ ဒေါက်တာနုနုသာမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို PATH အဖွဲ့မှ အားဖြည့်ဆန်ချက်ပြုတ်ပြသခြင်း နှင့် အားဖြည့်ဆန် အာဟာရအကြောင်း သိကောင်းစရာများကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။