၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁ ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Ipasအဖွဲ့တို့ပူးပေါင်း၍ သားပျက်သားလျှောပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သတင်းအချက်အလက်များအား လူထုအကြား ဖြန့်ဝေခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Ipasအဖွဲ့တို့ပူးပေါင်း၍ သားပျက်သားလျှောပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ သတင်းအချက် အလက်များအား လူထုအကြား ဖြန့်ဝေခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ နံနက် (၉:oo)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ ဘဏ္ဍာရေးမှူး ဒေါက်တာ လဲ့လဲ့ရီနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ နေပြည်တော်သားဖွားမီးယပ် အထူးကု ဆေးရုံအုပ်ကြီး ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ခင်ပြုံးကြည်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ စီမံချက်၀င်မြို့နယ် (၁၅ မြို့နယ်) မှ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့၀င်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ဒေါက်တာနှင်းနှင်းလွင်၊ ဒုတိယညွှန်ကြားရေးမှူး၊ (မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲ) မှ မိခင်နှင့်ကလေးသေနှုန်းကို အဓိကဖြစ်စေသော ကိုယ်ဝန်ပျက်ကျခြင်း၏ နောက်ဆက်တွဲပြဿနာများကို ပြည်သူလူထုအကြား အသိပညာဖြန့်ဝေပေးရာတွင် စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာလည်း အလွန်ရေးပါကြောင်း ကိုလည်းကောင်း၊ ဒေါက်တာနီနီ CountryManager, Ipas မှ သင်တန်းပြုလုပ်ရခြင်း အကြောင်းကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
သင်တန်းကာလ မှ သြဂုတ်လ (၁)ရက်မှ (၂)ရက်ထိ (၂)ရက်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၁၅) မြို့နယ်မှ သင်တန်းသူ (၂၁) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။