၂၀၁၇ခုနှစ်၊ဇူလိုင်လ(၂၅)ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်၊ပြည်ထောင်စုနယ်မြေရှိ (၂၀၁၇-၂၀၁၈) ပညာသင်နှစ်တွင် သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းသား/သူများအတွက် ကျောင်း၀တ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ၂၀၁၇ခုနှစ်၊ဇူလိုင်လ(၂၅)ရက် ၊နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဌ ပါမောက္ခ ဒေါက်တာမာလာဝင်း၊ အတွင်းရေးမှူး ဒေါက်တာ နွယ်နီအုန်း၊ အကျိုးဆောင်စာရင်းစစ် ဒေါက်တာခင်ဝင်းသက်၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်သန်းသန်းစိန်နှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၀င်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့့်် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့၀င်များ၊ နေပြည်တော်ပညာရေးမှူးရုံးနှင့်မြို့နယ် ပညာရေးမှူး ရုံးများမှ တာ၀န်ရှိ သူများ၊အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား/သူများနှင့်ကျောင်းသားမိဘများ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့လှူဒါန်းခြင်းအစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်ဆောင်အဖွဲ့၀င်များမှ ကျောင်း၀တ်စုံနှင့်စာရေးကိရိယာများ ပေးအပ်ရာသက်ဆိုင်ရာ ကျောင်းအသီးသီးတို့မှတာ၀န်ရှိသူများကလက်ခံရယူကြပါသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အခြေခံပညာကျောင်း (၃၄)ကျောင်းနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၀န်ထမ်းမိသားစုများ၏ ကလေး(၈)ဦး အပါအ၀င် စုစုပေါင်း ကျောင်းသား/သူ (၂၆၇၂)ဦးအတွက် ကျောင်း၀တ်စုံများ၊ကျောင်းသုံးစာရေးကိရိယာများကို လည်း ကောင်း၊ (၂၀၁၆-၂၀၁၇)ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့် ထူချွန်စွာ အောင် မြင်ခဲ့သော မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ၀န်ထမ်းတစ်ဦး ၏ သမီးဖြစ်သူ မအေးအိအိ အောင်အား ဆုများချီးမြှင့်ခြင်းတို့ကိုလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် နေပြည်တော်ပညာရေးမှူးရုံး ကိုယ်စား ဒက္ခိဏသီရိမြို့နယ် အမက(၅) သာယာစုမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထောက်ပံ့ပေးအပ်ခဲ့သောလှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် တန်ဖိုးအနေဖြင့် (ရှစ်ဆယ့်ငါးသိန်းခုနှစ်သောင်းနှစ်ထောင်ခြောက်ရာ့ငါးဆယ်)ကျပ် ဖြစ္ ပါသည်။