ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နေပြည်တော်၊ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်မှ ဆရာတော် နှင့် သံဃာတော်အရှင်သူမြတ်တို့ ကြွရောက်တော်မူကြပါသည်။ ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ကာ ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် အသင်းရုံးဝန်ထမ်းများက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခဲ့ကြပါသည်။ ထို့နောက် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ကြီးမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ပါသည်။ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး နောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြပါသည်။