သားဖွားခန်းဖွင့်ပွဲအခမ်းအနား

သားဖွားခန်းဖွင့်ပွဲအခမ်းအနား
 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)တို့မှ ဆောက်လုပ်လှူဒါန်းသည့် မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်းပိုင် သားဖွားခန်း အဆောက်အဦ (အသစ်)ဖွင့်ပွဲအခမ်းအနားကို ၃၀ - ၁ -၂၀၂၄ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင် ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး၊ ရွှေပြည်သာမြို့နယ်ဆေးရုံအုပ်နှင့် အသင်းပိုင်သားဖွားဆရာများ တက်‌ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ က သားဖွားခန်းအဆောက်အဦ(အသစ်)အား ဖဲကြိုဖြတ် ဖွင့်လှစ်ပေးကြပါသည်။
ထို့နောက် အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်စကား ပြောကြားပြီး တိုင်းဒေသကြီး ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ယင်းနောက် သားဖွားခန်းတွင် အသုံးပြုရန်အတွက် လက်သန့်ဆေး (၂၅)ပုလင်းကို အသင်း(ဗဟို) ဥက္ကဋ္ဌက ပေးအပ်ရာ မင်္ဂလာဒုံခရိုင် ဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အသင်း(ဗဟို) ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက သားဖွားခန်းအတွင်းရှိ မွေးလူနာခန်း၊ လူနာစမ်းသပ်ခန်း၊ မွေးပြီးလူနာ နားနေခန်း၊ သန့်စင်ခန်းအား လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ယင်းနောက် ဗဟန်းမြို့နယ်ရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံး(မြန်မာ-တရုတ် ချစ်ကြည် ရေးဆေးရုံ)၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခွဲစိတ်ကုသပေးနေသည့် မျက်စိ ဝေဒနာရှင် (၂၃)ဦးအား အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ လူနာ(၁)ဦးလျှင် ဆီချက်ခေါက်ဆွဲ၊ Royal-D၊ ကွေကာအုပ်နှင့် ငွေ (၁၀၀၀၀/-)ဆီ ထောက်ပံ့ခဲ့ပါသည်။