နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့လှူဒါန်းခြင်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
 

မန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်၊ပြည်ထောင်စုနယ်မြေရှိ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်တွင် သင်ကြားလျက်ရှိသော အခြေခံ ပညာကျောင်းသား /ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့်ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၂၈) ရက်၊ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
 
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ် ဘ၀မြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အခြေခံပညာကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသည့် တက်ရောက်ခဲ့ကြပါသည်။
 
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌ ဒေါက်တာနုနုသာ က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသင်း အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ရာ သက်ဆိုင်ရာကျောင်းအသီးသီးတို့မှ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။ ထို့နောက် နေပြည်တော်ကောင်စီ ဒုတိယတိုင်းပညာရေးမှူး ဒေါ်မာကြူမင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အခြေခံပညာကျောင်း (၁၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်းတို့မှကျောင်းသားကျောင်းသူ (၃၃၄၇) ဦးတို့အတွက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်းကောင်း အသင်းပိုင်မူလတန်းကြိုကျောင်းသားဦးရေ (၃၀၅) တို့အတွက် ကျောင်းဝတ်စုံကိုလည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်ထမ်းမိသားစုများ၏ ကလေး (၁၃) ဦးအတွက် ထောက်ပံ့ငွေ ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ စုစုပေါင်းငွေကျပ် တန်ဖိုးအနေဖြင့် (တစ်ရာလေးဆယ့်ရှစ်သိန်းကိုးသောင်းရှစ်ရာရှစ်ဆယ်) ကျပ်ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။