မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင်ပျိုရွယ်သူကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍  နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ပျိုရွယ်သူကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်း ကို   ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။ 
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ထွေးထွေးညွန့်၊ ဥက္ကဌ ဒေါ်သဇင်နွယ်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန(ကျန်းမာပညာဌာန)မှညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များနှင့် တက္ကသိုလ် ကျောင်းသား/သူ များ  တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း  ဥက္ကဌဒေါ်သဇင်နွယ် မှအဖွင့် အမှာစကားပြောကြားပြီး၊ ကျောင်းကျန်းမာရေးဆောင်ရွက်ရန်အလှူငွေကျပ် တစ်သိန်းပေးအပ်လှူဒါန်းခဲ့ရာ ပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ကျောင်းသား/သူ(၄၀၀)ဦး ကိုအဖွဲ့(၂)ဖွဲ့ခွဲ၍ ပျိုရွယ်သူ မျိုးဆက်ပွားကျန်းမာရေး၊ တစ်သက်တာလုံးကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘ၀ ရရှိရန် ဦးတည်၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။