မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၀ခုနှစ်မှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးအဖွဲ့၊ ပျဉ်းမနားကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအတွင်းရေးမှူး၊လယ်ဝေးမြို့နယ် မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊လယ်ဝေးမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှငအထူးကုဆရာဝန်ကြီးများ၊ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီးနှင့် ဆရာဝန်များလိုက်ပါလျက် ၂၀၁၅ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့တွင် နေပြည်တော်၊လယ်ဝေးမြို့နယ်၊ အင်တောသာကျေးရွာတွင်ရွေ့လျားကျန်းမာရေးဆေးခန်းကိုဆောင်ရွက်ခဲ့ပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်သဇင်နွယ်မှ အမှာစကားပြောကြားပြီး ဒေါက်တာသက်နိုင်ဦးမှ‘ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်း’ကိုအသိပေးပြောကြားခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများကိုအားဆေးနှင့်အာဟာရများကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊အနှီးပိတ်၊အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူကျန်းမာရေးဦးစီးဌာန (ကျန်းမာပညာဌာန)မှ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများသည် စမတောင်ပရဟိတပညာသင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသားများအတွက်စက်ဘီး(၁၈)စီး၊ အသက်တစ်နှစ်အောက်ကလေးများအတွက် နို့မှုန့်များနှင့် အသက်(၁၀)နှစ်အထက် ပျိုရွယ်သူအမျိုးသမီးများငယ်အတွက် သံဓါတ်အားဆေးများကိုလှူဒါန်းခဲ့ပြီး ပျိုရွယ်သူကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
အင်တောသာကျေးရွာ၌ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင် နှင့်အဖွဲ့မှ“ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ ကျွမ်းကျင်သူ များဖြင့်မွေးဖွားရန်” အကြောင်းကိုလည်းကောင်းရှင်းလင်း၍ ကျန်းမာရေးအသိပညာ ပေးဟောပြောခဲ့ပါသည်။ကိုယ်ဝန်ဆောင်(၁၁)ဦး၊ သက်ကြီးဘိုးဘွား(၅၁)ဦး၊ မျက်စိလူနာ(၆၉)ဦး၊သွားနှင့်ခံတွင်း လူနာ(၃)ဦးနှင့် အထွေထွေ
လူနာ(၁၂၃)ဦးကိုကြည့်ရှု့ စစ်ဆေးကုသပးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့်ချို့တဲ့ လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။