မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ “မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း”ဖွင့်ပွဲအခမ်းအနား

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၅ ရက်။


 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ “မေတ္တာစမ်းရေမူလတန်းကြိုကျောင်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်၊ နံနက်(၁၀:၀၀)နာရီတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ရုံးဝန်းအတွင်းရှိ ရှေးဦးကလေးသူငယ်ပြုစုရေးနှင့် ဘက်စုံဖွံ့ဖြိုးမှုဌာန၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကဒေါ်ထွေးထွေးညွန့်၊ ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်းမှအဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ဒက္ခိဏနှင့်ဥတ္တရခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဥက္ကဋ္ဌများ၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ  မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မူကြိုကလေးမိဘများ၊ မူကြိုကလေးများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားတွင်  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာနုနုသာမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများမှ    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ “မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း”ကို   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မူကြိုကျောင်းကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ယခုဖွင့်လှစ်သော မူကြိုကျောင်းသည် လယ်ဝေးမြို့နယ်၊ဒက္ခိဏသီရိမြို့နယ်နှင့်နီးစပ်ရာ ရပ်ကွက်ကျေးရွာ၊ တပ်ရင်းတပ်ဖွဲ့၊အဖွဲ့အစည်းများမှ မူကြိုကလေးများ တက်ရောက်ကြကြောင်း သတင်းရရှိခဲ့ပါသည်။