မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်နေပြည်တော်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်၂ဝ၁ဝခုနှစ်မှစ၍နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းကို ဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊မျက်စိနှင့်သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုတစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။ 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကုတင်(၁ဝဝဝ)နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊ပျဉ်းမနား ကုတင်(၂ဝဝ) ဆေးရုံမှမျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ နေပြည်တော်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှလှကြည်၊ ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီး နှင့်ဆရာဝန်များသည် ၂ဝ၁၅ခုနှစ်၊ဇွန်လ(၂၇)ရက်နေ့တွင် နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ကျည်တောင်အုပ်စု သာယာဝှမ်းကျေးရွာတွင် ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
    ပထမပိုင်းအနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌမှအဖွင့် အမှာစကား ပြောကြားပြီး  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း လက်ထောက်ဆရာဝန် ဒေါက်တာနန်အင်ကြင်းစိုး မှ''ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများ၊သွေးလွန်းတုပ်ကွေးရောဂါအကြောင်းနှင့်ဝမ်းပျတ်ဝမ်းလျော ရောဂါအကြောင်း''ကိုပြောကြားခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများ ကိုအားဆေးနှင့်အာဟာရများ ကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေးမဂ္ဂဇင်းများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။ ဒုတိယပိုင်းအနေဖြင့်  ဒေါက်တာ ထွန်းလင်းအောင်နှင့်အဖွဲ့မှ  အသက်(၁၈)နှစ်ကျား(၁၅)ဦးနှင့်မ(၁၅)ဦးတို့ကို ''ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ''အကြောင်းကိုလည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာ စမ်းစမ်းလှိုင်နှင့်အဖွဲ့မှ ''ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်း''အကြောင်းနှင့် ''ကိုယ်ဝန်ဆောင်စနစ်တကျ စောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ကျွမ်းကျင်သူများဖြင့်မွေးဖွားရန် ''အကြောင်းကိုလည်းကောင်း အုပ်စုလိုက်ရှင်းလင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပါသည်။
     ဆက်လက်၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်း (၂၂)ဦး၊သက်ကြီးရွယ်အိုဘိုးဘွားများကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးခြင်း(၄၅)ဦး၊မျက်စိလူနာများကို ကြည့်ရှုစစ်ဆေးပေးခြင်း(၇၄)ဦး၊သွားနှင့်ခံတွင်းလူနာများကို ကုသမှုပေးခြင်း(၁၇)ဦး နှင့်အထွေထွေလူနာများကိုကြည့်ရှုစစ်ဆေးပေးခြင်း(၇၅)ဦး စုစုပေါင်းလူနာဦးရေ (၂၁၆)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီးညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်း နှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။