မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် Smile Operation (Japan) တို့ပူးပေါင်း၍ နေပြည်တော် ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူမည့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများကိုသွားရောက်ကြည့်ရှုထောက်ပံ့ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်  ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် ''မြန်မာအမျိုးသမီးများနေ့''ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲနှင့်အခြားမွေးရာပါ ချို့ယွင်းသောလူနာများကို နေပြည်တော်ကုတင်-၁ဝဝဝ ပြည်သူ့ဆေးရုံကြီးတွင်(၂၂-၆-၂ဝ၁၅)ရက်နေ့ မှ(၂၆-၆-၂ဝ၁၅)ရက်နေ့အထိ ခွဲစိတ်ကုသမှုကိုဆောင်ရွက်လျက်ရှိပါသည်။ ခွဲစိတ်ကုသရာတွင် ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော် ကုတင်(၁ဝဝဝ)ဆေးရုံကြီးမှဆရာဝန်များ၊ Smile Operation(Japan) နှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းပြီး ဆောင်ရွက်ပါသည်။
 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂ဝ၁၅ခုနှစ်၊ဇွန်လ(၂၃)ရက်နေ့ နံနက်(၉းဝဝ)နာရီတွင် နေပြည်တော် ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး  နှုတ်ခမ်းကွဲအာခေါင်ကွဲနှင့်အခြားမွေးရာပါချို့ယွင်းသောလူနာ(၄၄)ဦး အတွက်နှင့် ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးတွင်လိုအပ်သည်များကို စီမံနိုင်ရန်လှူဒါန်းငွေစုစုပေါင်း (၁၈၂ဝဝဝဝိ/)ကျပ်  (တစ်ဆယ့်ရှစ်သိန်းနှစ်သောင်းတိတိ)ကို ပေးအပ်ရာ ကုတင်(၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးအကြံပေး ဒေါက်တာဖြူဖြူနှင့် ဆေးရုံအုပ်ကြီးဒေါက်တာသန်းသန်းမြင့်တို့မှ လက်ခံ ရယူခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ခွဲစိတ်မည့်လူနာများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အာဟာရဖြစ်စေမည့် အစားအစာများ၊ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။