မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ မန္တလေးတိုင်းဒေသကြီးသို့ ကွင်းဆင်းဆန်းစစ်ခြင်း။ (၁၆.၉.၂၀၁၆)

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။




မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာနုနုသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၁၆.၉.၂၀၁၆ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးကြီးကြပ်ရေးအဖွဲ့ရုံးတွင် ကျင်းပသော ပြည်သူလူထုအခြေပြု တီဘီ ရောဂါ ဝေဒနာ ရှင်များအား ပြုစုစောင့်ရှောက်ခြင်းစီမံချက် တိုင်းဒေသကြီးအဆင့် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေးဌာန အထူးကုဆရာဝန်ကြီး၊ ခရိုင်မိခင် နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများ၊ စီမံချက်မြို့နယ် (၂၈) မြို့နယ်မှ မိခင်နှင့် ကလေး စောင့်ရှောက် ရေးအသင်း ဥက္ကဌများ၊ မြို့နယ်အဆင့် စီမံချက်ကြီးကြပ်သူအသင်းဝင် စေတနာ့ဝန်ထမ်းများလည်း တက်ရောက်ကြပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌက အဖွင့်အမှာ စကား ပြောကြားပြီး အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာစောသိန်းက ၂၀၁၆ ခုနှစ်၊ နှစ်ဝက်တီဘီလုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းလင်း တင်ပြပါသည်။ ထို့နောက် အသင်းဗဟိုမှ တာဝန်ခံ ဒေါက်တာသက်နိုင်ဦးက စီမံချက် လုပ်ငန်းမှ အားသာချက်၊ အားနည်းချက်များကို တင်ပြပြီး တက်ရောက်လာသူများက ပါဝင် ဆွေးနွေးခဲ့ကြပါသည်။
 

ဆွေးနွေးပွဲအပြီး မွန်းလွဲပိုင်းတွင် အသင်းဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အသင်းပိုင် အောင်မြေသာဇံသားဖွားခန်း၊ နဂါးသားဖွားခန်း၊ စိန်ပန်းသားဖွားခန်း နှင့် စိန်ပန်းမူကြိုကျောင်းများသို့ သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြပါသည်။