၂၀၁၆ခုနှစ် ဖေဖော်ဝါရီလတွင်ကျင်းပမည့် ရှစ်ကြိမ်မြောက် အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံအတွက် နိုင်ငံတကာအဆင့်ဦးစီးကော်မတီအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် နေပြည်တော်၌ကျင်းပမည့် “(၈)ကြိမ်မြောက်အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေး ဆိုင်ရာညီလာခံ”(8th APCRSHR)ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက်စတုတ္ထအကြိမ်မြောက်နိုင်ငံတကာအဆင့်ဦးစီးကော်မတီအစည်းအဝေးကို (၁၈-၈-၂၀၁၅)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယကများ၊ဥက္ကဌနှင့်အတွင်းရေးမှူး၊ အာရှပစိဖိတ်ဒေသမျိုး ဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသောပြည်တွင်းပြည်ပ အဖွဲ့အစည်း များမှကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း(၄၀)ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီအသီးသီး၏လုပ်ငန်းများတင်ပြပြီးရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ပါသည်။ အစည်းအဝေး ကို (၁၉-၈-၂၀၁၅) မွန်းလွဲပိုင်းအထိ ဆက်လက်ကျင်းပခဲ့ပါသည်။
ဖော်ပြပါအစည်းအဝေးမတိုင်မီ (၁၇-၈-၂၀၁၅)ရက်နေ့တွင် နိုင်ငံတကာအဆင့်ဒုတိယအကြိမ်လူငယ် အစည်းအဝေးကိုလည်း ပြည်တွင်းပြည်ပလူငယ်များ၊ဖိတ်ကြားထားသောဧည့်သည် စုစုပေါင်း (၃၆)ဦးတက်ရောက်ပြီး ညီလာခံတွင်ဆောင်ရွက်မည့် လူငယ်အခန်းကဏ္ဍအတွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။