၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃)ရက်နေ့ နံနက်(၉ :၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ‌ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယ ဥက္ကဋ္ဌ၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ မြို့နယ် (၈)ခုမှ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မေတ္တာစမ်းရေးဆေးခန်း မှ ကိုယ်ဝန်ဆောင် (၂၅)ဦး၊ ငါးနှစ်အောက်ကလေးမိခင် (၂၀)ဦး နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “(၂၀၀၉) ခုနှစ်က စတင်ပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ် နဲ့ပူးပေါင်း၍ “အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ” အဖြစ် သြဂုတ်လ တစ်လလုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပါတယ်။ နှစ်စဉ် သြဂုတ်လရဲ့ ပထမပတ်ဟာ ကမ္ဘာ့မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်လည်း ဖြစ်ပါတယ်။ မိခင်နို့ဟာ မွေးစကလေးအတွက် ပထမဆုံးနဲ့ အကောင်းဆုံး အစာအာဟာရ ဖြစ်တဲ့အတွက် မွေးပြီးနာရီဝက်အတွင်း မိခင်နို့ စတင်တိုက်ကျွေးဖို့နဲ့ မွေးစမှ ကလေးအသက် (၆) လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ ကလေးအသက် (၆)လပြည့်ပြီး နောက်မှာ ဖြည့်စွက်စာနဲ့အတူ မိခင်နို့ကို ကလေးအသက် (၂)နှစ်အထိ ဆက်လက် တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မိခင်တွေအနေနဲ့ ဒီလို မိခင်နို့ စနစ်တကျ တိုက်ကျွေးနိုင်ရေး အသိပညာဗဟုသုတနဲ့ လက်တွေ့လိုက်နာကျင့်သုံးတဲ့ အမူအကျင့်ကောင်းများရရှိဖို့၊ မည်သည့်အခြေအနေ၊ အချိန်အခါတွင်မဆို မိခင်နို့ကို အလွယ်တကူ တိုက်ကျွေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့အတွက် အားလုံးက ဝိုင်းဝန်း အထောက်အပံ့ပေးဖို့ လိုအပ်ကြောင်း သိရှိနိုင်စေရန် အတွက် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ World Alliance for Breastfeeding Action (WABA) အဖွဲ့မှ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ သတ်မှတ်တဲ့ ‘ကမ္ဘာ့မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်’ ဆောင်ပုဒ်မှာ “Closing the Gap; Breastfeeding Support for All” ဖြစ်ပြီး မြန်မာလို ‘မိခင်နို့ချို တိုက်ကျွေးဖို့ အားလုံးကူညီ ပံ့ပိုးစို့’ ဟူ၍ ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်‌ရောက် လာကြသည့် ကိုယ်ဝန်ဆောင် မိခင်များကို အိုင်အိုဒင်းဆား၊ ကိုယ်ဝန်ဆောင်အားဆေး၊ အနှီးပိတ်များနှင့် အာဟာရများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းသည် ခင်းကျင်းပြသထားသော မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားမှုဓာတ်ပုံများကို အခမ်းအနားတက်‌ရောက်လာကြသူများနှင့် အတူ ကြည့်ရှုခဲ့ကြပါသည်။ ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာယုယုခင်က “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် အာဟာရ”နှင့် ပတ်သက်၍ လည်းကောင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာအေးမြမြကျော် မှ “ ငါးနှစ်အောက်ကလေးအာဟာရ”နှင့် ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် မေတ္တာစမ်းရေ ဆေးခန်းတွင် (၃)ကြိမ်နှင့်အထက် လာရောက်ပြသပေးသော ကိုယ်ဝန်ဆောင်များအား မိခင်နို့တိုက်ကျွေးခြင်း၊ အာဟာရ အကြောင်းများနှင့်ပတ်သက်သော မေးခွန်းလွှာများကို ဖြေဆိုစေခဲ့ပြီး ထူးချွန် စွာဖြေဆိုနိုင်ခဲ့သော ကိုယ်ဝန်ဆောင်များကို အသင်းဗဟို ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် က ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ အသီးသီး ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။