“မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း” ကျောင်းကြီးကြပ်မှုကော်မတီအစည်းအဝေး(၁၅.၉.၂၀၁၆)

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။




“မေတ္တာစမ်းရေ မူလတန်းကြိုကျောင်း” ကျောင်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
 

 မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းသည် ရှေးဦးကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို
  • မူလတန်းကြိရွယ်ကလေးငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ကလေး၏တစ်သက်တာ လိုအပ်ချက်များကို လေ့ကျင့်ပျိုးထောင်ပေးရန်၊
  • မိမိ၏သားငယ်၊ သမီးငယ်များကို လုံခြုံစိတ်ချရပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပျိုးထောင်ပေးသည့် မူကြိုကျောင်းတွင် ထားရှိနိုင်ခြင်းဖြင့် မိခင်မှ မိသားစုအတွက် တစ်ဘက်တစ်လမ်းမှ ၀င်ငွေရှာဖွေနိုင်စေရန်
 
ရည်ရွှယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

 
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) တွင် မေတ္တာစမ်းရေ မူလတန်းကြိုကျောင်းကို  ၂၀၁၆ ခုနှစ်၊ ဂျူလိုင် (၁၅) ရက်မှစပြီး ဖွင့်လှစ်ထားပါသည်။ မူလတန်းကြိုကျောင်းတွင် ကျောင်းသားဦးရေ (၈၅) ယောက်ရှိပါတယ်။ (၁၀၀) အထိ လက်ခံဖို့ရှိပါသည်။ ဆရာမ၊ ကျောင်းသား အချိုးကို ၁း၁၅ နဲ့ စီစဉ်ထားပါသည်။ တာဝန်ခံကျောင်းအုပ်နှင့် အတန်းတွင်း သင်ကြားရေးဆရာမများ အပြင် ကွန်ပျူတာဆရာမ၊ အင်္ဂလိပ်စာ ဆရာမများကိုလည်း ထားရှိထားပါသည်။ မူကြို standard မီစေရန် ကျောင်းအကြို၊ အပို့ ကားများကိုလည်း စီစဉ်ပေးထားပါသည်။ နေ့စဉ်အာဟာရကျွေးတယ့် အစီအစဉ်လည်း ရှိပါသည်။ မေတ္တာစမ်းရေ ဆေးခန်းမှလည်း ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများ၊ အာဟာရမပြည့်သော ကလေးများအား အာဟာရ ထောက်ပံ့ပေးမှု တို့ကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါသည်။ ကလေးအထူးကုဆရာဝန်များကလည်း အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။

တစ်ချိန်က မူကြိုကျောင်းများသည် ကျောင်းကြီးအတွက် ကြိုတင်ပြင်ဆင်တယ့်အနေနဲ့ စာရေးတတ်ဖို့၊ စာဖတ်တတ်ဖို့ကို ဦးစားပေးသင်ကြားခဲ့ကြပါသည်။ အခြားသော ဖွံ့ဖြိုးမှုအပိုင်း တွေကိုတော့ ပြုစုပျိုးထောင်ဖို့ အားနည်းခဲ့ကြပါသည်။ ယခုအခါ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ် (CCA) ကိုအသုံးပြုလျက် ကစားရင်းဖြင့် သင်ကြားခြင်း၊ တေးဂီတများဖြင့် သင်ကြားခြင်း၊ ဖန်တီးတည်ထွင်ခြင်းဖြင့် သင်ကြားခြင်းတို့ဖြင့် ကလေးငယ်များ၏ မိမိကိုယ်ကို ယုံကြည်မှုနှင့် တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်ဖို့၊ မိမိကိုယ်ကို စောင့်ရှောက်တတ်ဖို့၊ အတွေးအခေါ်ကောင်းတွေရှိဖို့၊ အခက်အခဲများကို မကြောက်မရွံ့ရင်ဆိုင်ဖြေရှင်းရဲသော သတ္ကိ နှင့် အရွယ်သုံးပါးလုံးကို လေးစားစွာ ဆက်ဆံတတ်ဖို့ စတယ့်အရည်အသွေးတွေကို ရရှိစေဖို့ ဦးတည်သင်ကြားပေးလျက်ရှိပါသည်။

မေတ္တာစမ်းရေ မူလတန်းကြိုကျောင်းတွင် ကလေးအသက်အရွယ်အလိုက် ၃ နှစ်မှ ၃ နှစ်ခွဲအထိ တစ်ခန်း၊ ၃ နှစ်ခွဲမှ ၄ နှစ်ထိ တစ်ခန်း၊ ၄ နှစ်မှ ၄ နှစ်ခွဲထိ တစ်ခန်း၊ ၄ နှစ်ခွဲမှ ၅ နှစ်ထိ တစ်ခန်းဆိုပြီး (၄) ခန်းထားရှိပါသည်။ တစ်ခန်းစီတွင် မြန်မာစာအခြေခံသင်ရန်နေရာ၊ အင်္ဂလိပ်စာအခြေခံသင်ရန်နေရာ၊ သင်္ချာအခြေခံသင်ရန်နေရာ၊ ဥာဏ်ရည်ဖွံ့ဖြိုးရန် ကစားရန်နေရာ၊ အတုယူကစားရန်နေရာ၊ ကိုယ်လက်လှုပ်ရှားကစားရန်နေရာ၊ ဖန်တီးတည်ထွင်ကစားရန်နေရာ၊ တူရိယာများဖြင့် ကစားရန်နေရာ စတယ့် နေရာ (၈) ခုထားပြီး ကလေးများပျော်ရွှင်စွာသင်ကြားနိုင်ရန် စီစဉ်ထားပါသည်။ ကလေးများရဲ့ ကာယ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ ဘာသာစကားနှင့် ဥာဏ်ရည်ဖွံ့ဖြိုးမှုစတယ့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သောပံ့ပိုးမှုများကို ပြုလုပ် သင်ကြားပေးလျက်ရှိပါသည်။

ကလေးများအတွက် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို နှစ်စဉ် တစ်နှစ် တစ်ကြိမ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကမ္ဘာ့ကလေးများနေ့မှာ ကျင်းပပေးမှာဖြစ်ပါသည်။  မိဘ၊ ဆရာ တွေ့ဆုံပွဲများ၊ မိဘပညာ ပေးအစီအစဉ်များကိုလည်း ပုံမှန်ပြုလုပ်ပေးမှာဖြစ်ပါသည်။ မိဘများ၏ အကြံပြုချက် များကိုလည်း အလေးအနက်ထား ဖိတ်ခေါ်ပါသည်။

မိဘ နှင့် ဆရာ၊ ဆရာမ ကြား ဆက်သွယ်ဆောင်ရွက်မှုကောင်းခြင်းသည် ကလေးများ၏ ဖွံ့ဖြိုးမှု စဉ်ဆက်မပြတ် မှန်မှန် ဖြစ်ပေါ်ဖို့ အထောက်အကူပြုပါသည်။ မူကြိုကျောင်းများတွင် မိဘများ ပါဝင်ခြင်းဆိုသည်မှာ အိမ်နဲ့မူကြိုကျောင်းတွင် ကလေးများအား ပြုစုစောင့်ရှောက်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရည်မြင့်မားမှုတွေ ရရှိအောင် ဆောင်ရွက်ပေးမှုများ၊ ကျောင်း၏ အမျိုးမျိုးသော လှုပ်ရှားမှုများ၊ ၀န်ဆောင်မှုများ၊ လုပ်ငန်းစဉ်များကို ဆရာ၊ ဆရာမများက ဦးဆောင်ပြီး မိဘများနဲ့အတူ ရည်မှန်းချက်ပန်းတိုင် ချမှတ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် မူကြိုကျောင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ကော်မတီရဲ့ ရည်ရွယ်ချက်ကတော့ မူကြိုကျောင်းရဲ့ လုပ်ဆောင်ချက်များမှာ မိဘများကို ပါဝင်စေပြီး တိုင်ပင်ဆွေးနွေးအကြံပြုရန်၊ အတွေ့အကြုံဖလှယ်ရန် စသည့် နည်းလမ်း မျိုးစုံဖြင့် တိုးတက်စေရန်ဖြစ်ပါသည်။