မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၀ခုနှစ်မှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေး ဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေး ပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့်သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  နာယကဒေါ်ထွေးထွေးညွန့် နှင့် တွဲဖက်အတွင်းရေးမှူး(၂)ဒေါ်အမာ၊ နေပြည်တော်ကုတင်(၃၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊ နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးအဖွဲ့၊ ဒက္ခိဏခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်လက်ထောက်ဆရာဝန်များ၊ ဆရာ/ဆရာမများ၊  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်း  မေတ္တာစမ်းရေဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီးနှင့် ဆရာဝန်များလိုက်ပါလျက် ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာသို့ သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
ပထမဦးစွာ  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းနာယက ဒေါ်ထွေးထွေးညွန့်မှ  အမှာစကားပြောကြားပြီး၊  လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးမှ‘ သွေးလွန်းတုပ်ကွေးရောဂါ သိကောင်းစရာများ အကြောင်း’ကိုလည်းကောင်း၊ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်မှ“ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်ကိုယ်ဝန်ဆောင်များစနစ်တကျ  စောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ ကျွမ်းကျင်သူ များဖြင့်မွေးဖွားရန်” အကြောင်းကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုရဲမှူးမင်းနိုင်မှ လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ IPPF စီမံချက်မှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုမော်မှ ‘အန္တရာယ်ကင်းသော ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုအကြောင်း’ကိုလည်းကောင်း၊ အသင်းရုံးလက်ထောက်ဆရာဝန်များမှ ပျိုရွယ်သူကျန်းမာရေးအသိပညာပေးခြင်းကိုလည်းကောင်း အသီးသီး ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြပါသည်။ ဟောပြောပွဲတွင်  သက်ကြီးဘိုးဘွားများ ကိုယ်ဝန်ဆောင်များ လူငယ်များအပါအ၀င် ကျေးရွာ၊ရပ်ကွက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေသောအစားအစာများကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊အိုင်အိုဒင်းဆားနှင့်အာဟာရများကိုလည်းကောင်း၊  ကျေးရွာစာကြည့်တိုက်အတွက်  မေတ္တာစမ်းရေမဂ္ဂဇင်းများ ကိုလည်းကောင်း လှူဒါန်းခဲ့ပါသည်။ ဒုတိယပိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ  ကိုယ်ဝန်ဆောင်(၁၃)ဦး၊ သက်ကြီးဘိုးဘွား(၅၆)ဦး၊ မျက်စိလူနာ(၁၂၁)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၁)ဦးနှင့်  အထွေထွေ လူနာ(၁၅၂)ဦးစုစုပေါင်း(၃၇၃)ဦးတို့ကိုကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့ညွှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကို  ထောက်ပံ့ခြင်းများကိုလည်း  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။